မင်္ဂလာပါခင်ဗျာ


ဧည့်သည်တော်များကိုယ်စိတ်နှစ်ဖြာကျမ်းမာရွှင်လန်းကြပါစေခင်ဗျာ။

Perfect World

နည်းပညာမှတ်စုများ ဆိုပြီး အွန်လိုင်းဂိမ်းကို ၀င်ကြေညာတာ ကြည့်လို့တော့ ကောင်းမယ်မထင်ပါဘူးဗျာ။ လောလောဆယ်တော့ ဂိမ်းဆော့ဖြစ်နေတာရယ် 9Dragons ဂိမ်းက lvl ခိုးနည်းလေးတွေရယ် ပြောပြချင်တာကြောင့် မရမကဇွတ်အတင်း ဂိမ်းသတင်းပါးအပ်ပါတယ်ခင်ဗျာ။

ကွဲကွာနေတဲ့ ချစ်သူတွေအချင်းချင်း ဂိမ်းထဲမှာ တွေ့လိုလို့ဖြစ်ဖြစ်၊ သူငယ်ချင်းအသိ ရှာချင်ရင်ပဲဖြစ်ဖြစ်၊ တနေ့တာ မောပမ်းမှုလေးတွေကို ဖျေဖျောက်ချင်ရင်ဖြစ်ဖြစ်၊ ချစ်သူရည်းစားမရှိသူများ ရလိုရငြားကြိုးစားချင်ရင်ပဲဖြစ်ဖြစ် Perfect World ကိုလာခဲ့ပါလို့ မိတ်ဆက်ပါရစေခင်ဗျာ။

အောက်ကပုံလေးတွေကိုကြည့်လိုက်ပါခင်ဗျ။ သာယာလှပတဲ့ တောတောင်ယံ အန္တရာယ်တွေကြားက အမှတ်မထင်ဆိုသလို ဆုံတွေ့ခဲ့တဲ့ ချစ်သူစုံတွဲလေး တစ်ခုပေါ့ဗျာ။ ပွေ့ဖက်ပါရစေခွင့်တောင်းပြီး သူသဘောတူတယ်ဆိုတာနဲ့ ရင်ခွင်ထဲကို စွေ့ခနဲရောက်လာတဲ့ ချစ်သူလေးပေါ့ခင်ဗျာ။

ဓားပျံအတူစီးရင်း တိမ်တွေပေါ်ပျံသန်းမယ် မြစ်ပြင်မှာ စီးမြောမယ်၊ မြင်းဖြူစီးပြီး လည်ပတ်မယ်ဆိုတာလေးတွေနဲ့ အပျင်းတော်ပြေစေမယ့်အကြောင်း အကျွနိုပ်ရဲရဲ အာမခံပါတယ်ခင်ဗျ။




တောတောင် ရေမြေသဘာဝလေးတွေကိုလည်း လှည့်လည်သွားလာရင်း ဓာတ်ပုံရိုက်ထားလိုက်ပါတယ်ခင်ဗျ။


ရေထဲမှာလည်း ရေကူးလို့ရပါတယ်။

သစ်ပင်ပေါ်ခုန်တက်ပြီး တရားထိုင်ဦးမလား ရပြန်ပါသေးတယ်။


ချစ်သူစုံတွဲလေးတစ်တွဲလောက်ရလို့ နှစ်ဦးလက်ထပ်ချင်ရင်တောင် တစ်ဆာဗာလုံးသိအောင် လက်ထပ်လို့ ရပါသေးတယ်တဲ့။ အဲ လက်ထပ်စရိတ်တော့လိုမယ်နော်။ တစ်ယောက်ကို သိန်း ၃၀ ကုန်မယ်တဲ့။

ဂိမ်းကို စ၀င်တယ်ဆိုကတည်းက မိမိနှစ်သက်ရာ ရုပ်ရည်ကို ရွေးရပါတယ်။ မျက်နှာ အတိုအရှည် မျက်လုံး အရှည်အကျယ် အရောင် ပုံစံ နှုတ်ခမ်း အပေါ်အောက် အထူအပါး အကျယ် မေးရိုးကျပုံကစလို့ စိတ်တိုင်းကျရွေးနိုင်ပါသေးတယ်။ ကျွန်တော်ဆို တစ်ရက်လုံးပြင်တာတောင် စိတ်တိုင်းမကျဘူးဗျာ။ ကျွန်တော့်လောက်ချောအောင်ပြင်တာကို ဂိမ်းခမျာ တော်တော်နဲ့ မတတ်နိုင်ရှာဘူးလေ :D

မိန်းကလေးများဆိုရင်တော့ ဆွဲဆောင်မှုရှိအောင်ပြင်ရပါလိမ့်မယ်။ မလှတဲ့သူကိုတော့ ဘယ်သူက ချီပွေ့ချင်မှာလဲနော်။ မိန်းကလေးတွေကရော ခေါ်တိုင်းလိုက်မတဲ့လား။ မလိုက်ဘူးဗျ။ LVL 30 လောက်ကျမှ လေပေါ်ပျံလို့ ရတယ်လေ။ LVL နိမ့်မိန်းကလေးတွေမှာ ကိုယ်တိုင် မပျံနိုင်တော့ မရောက်ဖူးသေးတဲ့ နေရာတွေကို ဒီလို ချီပွေ့ခေါ်သွားသူရှိမှ ရောက်ရ ပျော်ရတာကိုး။

တချို့မိန်းကလေးများကတော့ သူ့ကို နိုင်အောင်တိုက်နှိုင်မှ ချီပွေ့ခွင့်ပေးပါတယ်။ ဒီလိုနိုင်အောင်လည်း သိုင်းကွက်တွေ လူတစ်ယောက်အတွက် လိုအပ်မယ့် အသက် ခံနိုင်ရည် စွမ်းအား မှော်အတတ်တွေ နားလည်မှ ဖြစ်မှာပါခင်ဗျ။ လွယ်လွယ်နဲ့တော့ ပန်းတွေ မပွင့်ဘူးပေါ့ခင်ဗျာ။

ကျွန်တော်လည်း အတွေ့အကြုံလေးတွေ လိုချင်လို့ သူများရဲ့ lvl မြင့်တဲ့ Char ကိုငှားပြီး ဓာတ်ပုံရိုက်တင်လိုက်တာပါ။ ကျွန်တော့်အကောင်ကတော့ ခုမှ ကြိုးစားဆဲပါ။

စိတ်ဝင်စားတယ်ဆိုရင်တော့ 2.8GB လောက် ဒေါင်းလုပ်ချရပါမယ်။ နာရီအတန်ကြာအောင် update လုပ်ရပါမယ်။ အဲဒီဆိုဒ်က ဒေါင်းလို့ အဆင်မပြေရင် ကျွန်တော် upload ခွဲတင်ပေးရမလိုလိုပါပဲ။ ၀ါသနာရှင်များကို ဖိတ်ခေါ်လျှက်ပါခင်ဗျ။

player သန်း ၅၀ ကျော်တယ်ဆိုပါတယ်။ မြန်မာတော်တော်များများကတော့ Sanctuary Sever မှာ ကစားကြတယ်လို့ သိထားပါတယ်ခင်ဗျာ။ ဒီ link မှာ လေ့လာကြည့်နိုင်ပါတယ်ခင်ဗျ။ သူ့အတွက်ဖိုရမ်က ဒီမှာပါ။

လန်းဆန်းပျော်ရွှင်နိုင်ကြပါစေခင်ဗျာ။

တစ်နှစ်ပြည့်အလွမ်း

ဒီနေ့ ၁၂.၉.၂၀၀၉
အမိမြန်မာပြည်နဲ့ ခွဲခွာလာလိုက်တာ တစ်နှစ်တောင်ပြည့်သွားပြီဗျာ။
ဘလော့လေးမှာ တစ်နှစ်ပြည့် အထိမ်းအမှတ် ပိုစ့်လေးတစ်ခုလောက် တင်မလို့ဟာကို ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိတာနဲ့ပဲ ပေါက်တတ်ကရတွေ ချရေးလိုက်တယ်ဗျာ။

ဆိုလိုရင်းကတော့ လွမ်းပါသည်ပေါ့ဗျာ။
လွမ်းတာတွေ ရင်ဖွင့်ရရင်တော့ ပြောလို့တောင် ဆုံးမယ်မထင်ပါဘူးဗျာ။
လတ်တလော အခြေအနေနဲ့ယှဉ်လွမ်းရတာတော့ ရပ်တည်နေရတဲ့ ဘ၀ပေါ့ဗျာ။ လောလောဆယ်က ကျောင်းသားတစ်ယောက်ပေါ့ဗျာ။ မနှစ်ကတော့ ကျောင်းဆရာတစ်ယောက်ပါ။

တာဝန်ကျခဲ့တာက ထားဝယ်မြို့မှာပေါ့ဗျာ။
ထားဝယ်မှာ သုံးနှစ်လောက်ကြာခဲ့တာမှာ ရှားရှားပါးပါး ဓာတ်ပုံလေး တစ်ပုံပဲ ရိုက်ဖြစ်ခဲ့တယ်။ ဘလော့ကို အလည်လာတဲ့ ဧည့်သည်တော်တစ်ဦးတစ်လေအတွက် အဲဒီပုံလေး တင်ပေးလိုက်ပါတယ်ဗျာ။

ဒီပုံလေးကတော့ ထားဝယ်နားက ကလိန်အောင်မြို့မှာ ကိန်းဝယ်စံပယ်တော်မူတဲ့ ကလိန်အောင်ဆံတော်ရှင်စေတီတော် ပစ္စယံပေါ်မှာပါ။ ပထမနှစ်ကျောင်းသားလေးတွေနဲ့ ဘုရားဖူးထွက်ရာက ဓာတ်ပုံရိုက်ဖြစ်ခဲ့တာလေ။

ဆိုနေတဲ့သီချင်းလေးက ကိုယ်လာရင်ကြိုမှာလား ဆိုတဲ့ သီချင်းပေါ့ဗျာ။ ထားဝယ်ကနေ မိုင် ၇၀၀ ကျော်ဝေးတဲ့ မွေးဌာနေ ပခန်းဒေသက အညာသူ လုံမေချောလေးကို ရည်ရွယ်ပြီး ဆိုမိတယ်ထင်ပါရဲ့ဗျာ သေချာတော့ မမှတ်မိတော့ပါဘူး။ :D

ခုတော့လည်း အရာအားလုံးက မဆိုသလောက် ပြောင်းလဲခဲ့ပါပြီလေ။
မပြောင်းလဲခဲ့တာကတော့ ဆရာတစ်ယောက်ရဲ့ ကလေးတွေအပေါ်တွယ်တာမှုပါ။ တကယ်တော့ ဆရာတစ်ယောက်ဟာ ဆရာဘ၀ကိုမက်မောတယ် မစွန့်လွှတ်နိုင်ဘူးဆိုတာ ကျွန်တော့်အထင်တော့ ကလေးတွေရှိနေတဲ့ ပတ်ဝန်းကျင်က မစွန့်ခွာနိုင်တာပါပဲ။

ကျွန်တော်မမေ့နိုင်တဲ့နေ့လေးတွေလည်း ရှိခဲ့သေးတယ်ဗျ။
တစ်ခါက လက်တွေ့ချိန်လေးတစ်ချိန်မှာပေါ့ဗျာ။ မီးက ညပိုင်းလာတော့ လက်တွေ့ပိုင်းက ညမှ ဆင်ရတာကိုး။ ည ညဥ့်နက်ရင်လည်း ကျောင်းသူလေးတွေအတွက်မသင့်တာနဲ့ နေ့ခင်းမှာပဲ ညမှာ ဆင်မယ့် ဆားကစ်အတွက် အစမ်းကြိုထိုးတာမျိုးတွေ လုပ်ရတယ်။

အဲဒီအချိန်မှာ ဌာနကို အလည်လာတဲ့ ကျောင်းသားတစ်ယောက်မိဘက မြင်ပြီး ချက်ချင်းဆိုသလို သူ့အိမ်က မီးစက်လေးနဲ့ ဓာတ်ဆီတစ်ပုံးလာပို့ပြီး လျှပ်စစ်မီးအတွက် ကြံဖန်ပေးတယ်ဗျာ။ ဒါနဲ့ပဲ ကျွန်တော့်ဌာနမှာ နေ့ခင်းကြောင်တောင်ကြီး မီးစက်သံ တထိုင်းထိုင်းနဲ့ ဆားကစ်တွေ ဆင်လိုက်ရသေးတယ်။

အဲဒီအချိန်မှာ ကျွန်တော် ၀မ်းသာလို့ မျက်ရည်လည်နေတာကို ကျောင်းသားတချို့ မြင်လိုက်ရနိုင်ပါသေးတယ်။ အရာအားလုံးကတော့ စေတနာကို အရင်းခံတာပါပဲ။ ကျွန်တော့်ခေါင်းထဲမှာတော့ ကလေးတွေကို ကိုယ့်လို မဖြစ်စေချင်တာပါပဲ။

ကျွန်တော့်လို မဖြစ်စေချင်ဘူးဆိုတာက ကျွန်တော်က စာညံ့တယ်လေ။ စာညံ့တယ်ဆိုတာကလည်း ကျွန်တော့်စရိုက်ကိုက တကယ်အခြေအမြစ်မရှိဘူးထင်တာကို ခေါင်းထဲ လွယ်လွယ်မထည့်တတ်တာမျိုးပါ။ ကျောင်းသားဘ၀ စာတွေသင်ရတယ်။ စာတွေကို လက်တွေ့ကျကျမသိရတော့ ကြားဖူးတဲ့ ဆရာကံချွန်ဟာသံဆိုတာလေးလို ဖြစ်နေတယ်။

လက်တွေ့မသိတဲ့ ကျောင်းသားတစ်ယောက်အဖြစ်ဟာ လက်သည်းညှပ်နည်းကျမ်းလိုပေါ့ဗျာ။
လက်သည်းညှပ်ကိုယူပါ။ အပေါ်မှ မောင်းတံလေးကို ၁၈၀ ဒီဂရီလှည့်ပါ။ ထို့နောက် ကျောဖက်သို့ ၁၃၅ ဒီဂရီ အပေါ်လှန်လိုက်ပါ။ ထို့နောက် လက်သည်းထိုးထည့်ပါ။ မောင်းတံကို ဖိချပါဆိုသလို ဖြစ်နေတယ်။

တကယ်တော့ ဒီလိုလုပ် ဒီလို ညှပ်ကွာဆိုပြီးပြရင် ပြီးသွားတဲ့ လွယ်လွယ်ပုစ္ဆာတစ်ပုဒ်ပါ။ လက်တွေ့မမြင်ရတော့ အရှိကို နားလည်ဖို့ ခက်နေတာပေါ့ဗျာ။

တစ်ခါကလည်း ကြုံပါသေးတယ်။
ရန်ကုန်မြို့က သင်္ဘောသားတစ်ယောက်အိမ်ကို အလည်(ဗေဒင်ဟော) ရောက်သွားတုန်းကပေါ့ဗျာ။ အိမ်ရှင်က ကျွန်တော့်အလုပ်အကြောင်းမေးရင်းနဲ့ GTC ကျောင်းသားတွေအကြောင်းရောက်သွားတယ်။ ပြောတာ ခုခေတ်ကျောင်းသားတွေ အင်မတန်ညံ့တာတဲ့။ ဟိုတုန်းကလို မဟုတ်ဘူးတဲ့။ ပြောတဲ့သူက သင်္ဘောသားရဲ့ ဇနီးကပါ။ ကျွန်တော်လည်း တော်တော်လေးနားထောင်နေလိုက်ပါတယ်။ နောက်တော့ သည်းမခံနိုင်လို့ ပြန်ပြောလိုက်ပါတယ်။

ဟိုတုန်းကလူတွေ တတ်တယ်ဆိုတာလက်ခံပါတယ်ဗျာ။ ခုခေတ်ကလေးတွေ ညံ့တယ်ဆိုတဲ့ စကားကိုတော့ ပြင်ချင်တယ်ဗျလို့။ ဟိုတုန်းက အခြေခံပိုင်ကြမယ်ထင်ပါတယ်။ ဒါကလည်း အဲလို တတ်မှဖြစ်မှာပါ။ ဟိုတုန်းက ကတ်ဆက်ပြင်တာမျိုးနဲ့တော့ ဒီခေတ်မှာ ကွန်ပျူတာပြင်လို့ မရဘူးလေ။

ကွန်ပျူတာတစ်လုံးပျက်တယ်ဆိုပြီး ခဲဂန်းတွေကိုင်ပြီး ဂရေဆော်ပြင်လို့ မရဘူးလေ။ ဘယ်အပိုင်းပျက်တယ်ဆိုတာ နားနဲ့ signal နားထောင်သိတာနဲ့ အစားထိုးပြင်တာမျိုးက များပါတယ်။ ဟိုတုန်းခေတ်က ကွန်ပျူတာဆိုတာမျိုးမှ မပေါ်ပဲလေ။ ဒါလည်းထားပါတော့။ ဟိုတုန်းက အကြီးတွေဟာလည်း ကျွန်တော့်အတွက် ဆရာတွေပါပဲလေ။

ကလေးတွေ လက်တွေ့မတတ်ဘူးဆိုပြီး ဘယ်မိဘက လက်တွေ့သင်ပေးတဲ့ ဆရာဟောင်းတွေကို အရေးပေးလို့လဲ။ (ကျောင်းတွေမှာ လက်တွေ့ပိုင်းကို မြန်မာလိုဝေါဟာရနဲ့ ပိုင်နိုင်ကျွမ်းကျင်တဲ့ ဆရာဟောင်းတော်တော်များများရှိပါတယ်။) အမှတ်လက်ထဲမှာ ကိုင်ထားတယ်လို့ သူတို့ယူဆတဲ့ ဌာနမှုးတွေ ဆရာပေါက်စတွေ (အမှတ်ရှာပေးတဲ့) ကျူရှင်ဆရာတွေကိုပဲ အရေးပေးတယ်။ ကျူရှင်ဆို အပြိုင်ထားချင်ကြတယ်။

လက်တွေ့သင်တန်းဆိုတာရော ထားစရာလို့ ထင်ကြလို့လား။ ကလေးတွေ လက်တွေ့အားနည်းတယ်ဆိုတာ လက်တွေ့ပိုင်းမှာ လိုအပ်တဲ့ ဆရာတွေအပြစ်ဖြစ်တာကြောင့်တစ်ခုတည်းမဟုတ်ပါဘူး။ ကလေးတွေကို နှိမ်ချင်နေတဲ့ မိဘတွေရဲ့ အထင်သေးမှု၊ အားမပေးမှုကြောင့်လည်းပါပါတယ်။

ကျောင်းသားတွေကိုလည်း အားပေးလေ့ရှိပါတယ်။ လက်တွေ့ပိုင်းလေ့လာကြဖို့ပေါ့ဗျာ။ ကျောင်းသားဆိုတာကလည်း စာနဲ့ ပတ်သတ်ကြသူမို့ သီအိုရီနဲ့ လက်တွေ့ယှဉ်ရင် သီအိုရီကို ပိုချစ်ကြပါတယ်။ လက်တွေ့ပိုင်းကို မသိဘဲ သီအိုရီပဲ စွတ်ရွတ်အထင်ကြီးတာမျိုးကိုတော့ ကျွန်တော့်ကန့်ကွက်ပါတယ်။ သူတို့ဆရာ ကျွန်တော်တောင်မှ လက်တွေ့ပစ္စည်းတွေနဲ့ အဆက်ပြတ်နေရင် ထားဝယ်က လက်တွေ့ဆိုင် နှစ်ဆိုင်မှာ သွားမေးလေ့ရှိပါတယ်။ မော်နီတာတွင်း MOSFET တစ်လုံးပျက်တာကို ဆိုင်က အစ်ကိုတစ်ယောက်အကူအညီနဲ့ အပျက်ရှာရင်း ရန်ကုန်တောင်ပစ္စည်းမှာဖူးပါတယ်။ လက်တွေ့သင်တန်းတွဲဖွင့်ဖို့ ကမ်းလှမ်းခံရဖူးပါတယ်။

လောလောဆယ် ၀င်ငွေအတွက် ကျွန်တော်သင်တန်းသားရှာရင် လွယ်လွယ်လေးရတာပေါ့ဗျာ။ ကျွန်တော် တာဝန်ကျရာက ပြန်သွားရင် ဒီသင်တန်းလေး ကျောင်းရဲ့အပြင် အရပ်ထဲမှာ ရှင်သန်သွားမယ်။ ကျောင်းသားတွေ အပြင်မှာပဲ အားကိုးမယ်၊ ဒို့ကျောင်းကိုများ အထင်သေးချည်ရဲ့ဆိုတဲ့ အတ္တလေးနဲ့ မလုပ်ခဲ့ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့အတွက် အခြေခံဆားကစ်တွေဆင်ပြ၊ Oscilloscope တစ်လုံးနဲ့ ချွေးပျံအောင်တိုင်းပြပေးခဲ့တဲ့အပြင် အီလက်ထရောနစ်လက်စွဲစာအုပ် နှစ်အုပ် နုတ်ထုတ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာတော့ GTC BE Cource နဲ့ အကြုံးဝင်မယ့် သီအိုရီတွေနဲ့ အခြေခံ ဆားကစ် ၂၀ ခန့်ရွေးပေးခဲ့ပါတယ်။ Refence ၁၅ အုပ်လောက်သုံးပြီး လုပ်ပေးခဲ့ပါတာ။ ထွက်သမျှ မြန်မာဆားကစ်လက်စွဲစာအုပ် တော်တော်များများပါပါတယ်။ ဒီဘလော့မှာရေးသမျှက အဲဒီစာအုပ်နှစ်အုပ်ထဲက ကျွန်တော်မှတ်မိသမျှ တိုတိုထွာထွာ ထုတ်ရေးတာပါ။ ခုထိကျောင်းသားတွေဆီမှာ ရှိပါသေးတယ်။ ဒါလည်း ဆရာဘ၀အမှတ်တရတစ်ခုပါပဲ။

ဒါတွေကတော့ ကျွန်တော် ဆရာတစ်ယောက်အနေနဲ့ တွေးမိတာပါ။ တခြားရှုထောင့်တွေကတော့ အဖြေအမျိုးမျိုး စောကြောချက် အမျိုးမျိုးရှိနိုင်ပါသေးတယ်။ ဒါတွေကတော့ ကျွန်တော်တွေးစရာ ခံစားစရာ အလုပ်မဟုတ်တော့ပါဘူး။ ဆရာအလုပ်နဲ့ အသက်မွေးသူမို့ ကျောင်းသားနဲ့ ဆရာသာလျှင် ကျွန်တော်တွေးစရာလိုတာပါ။ ခုနကိစ္စမှာတောင် မိဘတွေပါလာလို့ ပတ်သတ်တာပါ။

ပြောရင်တော့ မဆုံးဘူးပေါ့ဗျာ။
သေချာတာတစ်ခုကတော့ အီလက်ထရောနစ်ပစ္စည်းလေးတွေ ကွန်ပျူတာပျက်လေးတွေ တွေ့ရင် ကျောင်းသားတွေ ရှေ့မှာပြင်ရရင်ဆိုတဲ့ အတွေးပေါ်ပေါ်လာတာပါပဲ။ ဟိုစဉ်ကဆို ကျွန်တော့်ဌာနမှာ အပျက်လေးတွေ စုပုံနေကြတာပေါ့ဗျာ။ အပျက်လေးတွေ့ရင် ဆရာများ ပြင်နိုင်မလားဆိုတဲ့ အတွေးနဲ့ ဌာနကို ယူယူလာကြတဲ့ ကျွန်တော့်တပည့်လေးတွေပေါ့ဗျာ။ တကယ်တော့ ပစ္စည်းအလုပ်လုပ်ပုံအကြမ်းဖျဉ်းလောက်ထက် ပိုမပြောနိုင်တဲ့ ကျောင်းဆရာညံ့ညံ့ ကျွန်တော်ရယ်ပါ။

မှတ်မိပါသေးတယ်။
စာသင်ခန်း စ၀င်စ ဆရာပေါက်စကျွန်တော့် အဖြစ်ပေါ့ဗျာ။ စာတစ်ပုဒ်ကို သင်ရင်း သင်ရင်း ချာချာလည်နေတယ်လေ။ ကျွန်တော်က တခြားလူတွေကိုသာ လိမ်ချင်လိမ်မယ် ကလေးတွေကိုတော့ မလိမ်ချင်တဲ့သူပါ။ ကျွန်တော်မရှင်းနိုင်ရင် တွက်ရင်းတွက်ရင်း ချာချာလည်နေရင် ဆရာခဏ စဉ်းစားဦးမယ် ခဏငြိမ်ပါဆိုပြီး ထိုင်စဉ်းစားတာ။ ဘယ်တော့မှာ ညာဖြီးဖို့ စိတ်ကူးမရှိပါဘူး။

ကျောင်းသားဘ၀ တစ်ဘာသာ တစ်ညဖတ်ဖြေလာတဲ့ အကျိုးကျေးဇူးတွေအတွက် ဆရာဘ၀မှာ စာတစ်ပုဒ်ကို ည ၇ နာရီလောက်ကနေ ည ၂ နာရီထိ မနက်ဖန်ဘယ်လို ရှင်းပြမယ်ဆိုတဲ့ ပြင်ဆင်မှုရသည့်တိုင် ကြိတ်မှိတ်ကြိုးစားရတာတွေနဲ့ ပေးဆပ်ရပါတော့တယ်။

ကျွန်တော့်ကျောင်းသားတွေက ချီးမွှမ်းကြတယ်။ ဆရာတော်တယ်ဆိုတာတော့မဟုတ်ဘူးဗျ။ ဆရာကတော်တော်ကြိုးစားတာပဲတဲ့။ အဲဒါလေးကို ကျွန်တော်သိပ်သဘောကျတယ်ဗျာ။ ဘာ့ကြောင့်လဲ ဆိုတာပြောပြချင်ပါသေးတယ်။

ကျွန်တော့်ဖေဖေနဲ့ မေမေက အလယ်တန်းပြ ကျောင်းဆရာဆရာမတွေပါ။ ကျွန်တော် ဆရာလုပ်မယ်ဆိုတော့ လက်ဆောင်ကောင်းလေးပေးလိုက်တာလေး သတိရလို့ပါ။ ဖေဖေနဲ့မေမေကပြောတယ်။ သား ဆရာတစ်ယောက်ဟာ ကျောင်းသားချစ်အောင်ဆိုပြီး ဘာနဲ့မှ မစည်းရုံးနဲ့ မျှော်လည်း မမျှော်လင့်နဲ့တဲ့။ ကျောင်းသားဆိုတာ တကယ်စာသင်တဲ့ ဆရာကို ချစ်တာတဲ့။ ကျောင်းသားတွေ ချစ်အောင်ဆိုပြီး ကြိုးစားသင်တာတော့မဟုတ်ပါဘူးဗျာ။

ငါဘာလဲ ဆိုတာ စဉ်းစားမိတိုင်း စာသင်ရမယ်ဆိုတာ တွေးတွေးနေတဲ့ ကျွန်တော် ဆရာပေါက်စလေးပေါ့ဗျာ။

ကျွန်တော်ကြိုးစားသမျှလေးတွေရဲ့ အကျိုးရလဒ်ရယ်လို့ ကျွန်တော်မှတ်ထင်တဲ့ အကျိုးဆက်ကာလလေးကတော့ ကျွန်တော် မန္တလေးကိုကျောင်းသွားတက်ဖို့ ထားဝယ်လေယဉ်ကွင်းမှာ နှုတ်ဆက်ကြတဲ့ အချိန်အခိုက်အတန့်လေးပေါ့ဗျာ။ သူတို့မျက်နှာလေးတွေကို ဒီနေ့ထိ မမေ့ပါဘူးဗျာ။

ဆရာ ထားဝယ်ကို လာလည်ပါတဲ့။ သွားလည်ချင်ပါတယ်ဗျာ။ နီးဖို့ရာထက် ပိုပိုပြီးတောင်ဝေးနေပါတော့တယ်။ ခုဆိုရင် မိုင်ပေါင်းထောင်ချီနေပြန်ပါတော့တယ်။ ဒီကပြန်ရင်တောင် မြို့ကြီးတစ်မြို့မှာ ထက် နယ်ကျောင်းလေးတစ်ကျောင်းမှာ တာဝန်ထမ်းဆောင်ချင်နေပါသေးတယ်ဗျာ။ (အိမ်ထောင်ဖက်ဖြစ်မယ့် (တကယ်မရှိသေးတဲ့) ကောင်မလေးက သဘောတူရင်ပေါ့ဗျာ။)

ဒီလောက်ထိဖတ်ပေးတဲ့ ဧည့်သည်တော်ကို အားနာလှလို့ ဒီမှာပဲ ကျွန်တော့်ပေါက်တတ်ကရတွေ ရပ်လိုက်ပါတယ်ဗျာ။

Auto-CAD 3D-examples (၄၈)

ကျောင်းလေးပိတ်တုန်း နားကောင်းကောင်းနဲ့ နားလိုက်တာဗျာ မိသားစုနဲ့ တော်တော်လေးတောင် အဆက်ပြတ်သွားပါတယ်ခင်ဗျ။ ကဲဗျာ ပုံလေးတွေ ဆက်ဆွဲကြပါစို့ခင်ဗျ။ ပေးထားတဲ့ပုံက အောက်မှာပါ။
ပထမဆုံးတော့ အောက်ကပုံလေးအတိုင်းပဲ အလျှားအနံအမြင့်ရှိတဲ့ ကိုယ်ထည်လေး ဆွဲလိုက်ပါတယ်ခင်ဗျ။
ပြီးတာနဲ့ layer လေးတွေ အောက်ကအတိုင်း ၀ါစိမ်းနီပြာရယ်လို့ ထားလိုက်ပါတယ်။

အ၀ါနဲ့ စ ဆွဲမှာနော်။ ထောင့်မှန်စတုဂံတုံးရဲ့ အလယ်ကို မသိလို့ ကန့်လန့်ဖြတ်မျဉ်းလေးဆွဲပြီး Center ရှာလိုက်ပါတယ်။
အချင်း ၄၀ အမြင့် ၃၀ တုံးလေး လုပ်လိုက်ပါတယ်။ သူ့ရဲ့ အပေါ်မျက်နှာပြင်မှာ အစိမ်းရောင် layer ကို သုံးပြီး အချင်း ၆၀ အမြင့် ၄၀ ဆလင်ဒါကို ဆွဲလိုက်ပါတယ်။
ပြီးတော့ အနီရောင် layer ကိုသုံးပြီး အချင်း ၁၂၀ အမြင့် ၁၈၀ ဆလင်ဒါကို ဆွဲလိုက်ပါတယ်ခင်ဗျ။
ဒါက အကြမ်းထည်ပါ ကျွန်တော်တို့ အောက်ကပုံလေးရအောင် ဆက်လက် ဖြတ်ထုတ်ကြပါစို့ဗျာ။

 

သွားလည်တတ်တဲ့ဖိုရမ်တွေက

Subscribe Subscribe Subscribe

တောင်းပန်စကား

ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။ (ရှင်အဂ္ဂဥာဏ)

အမောင့်ကိုပြောခဲ့ချင်ရင်

လာလည်ကြသူများ

လာလည်ကြကြိမ်ပေါင်း

ဖတ်ကြတဲ့ စာမျက်နှာအရေအတွက်